ချစ်သူသိလေ
************
ပန်းပွင့်ရှိမှ ၊ ရနံ့ရတာ
မဟုတ်ပါဘူး ၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့် ၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ ၊ ထာဝရတည်
ကာလရှည်လျား ၊ နှလုံးသားမှာ
စွဲစွာမြဲစွာ ၊ ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏ ၊ ချစ်သူသိလေ..။
မျက်နှာတွေ့မှ ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ် ၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက် ၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ ၊ အကြည့်မှာမြင်
သူပဲထင်တယ် ၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ ၊ တွေ့နိုင်ပါ၏
ချစ်သူသိလေ..။
အသံကြားမှ ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ ၊ မဟုတ်ပါလေ
စမ်းရေသံကြား ၊ သူ့စကားရှိ
ငှက်၏တေးမှာ ၊ သူ့သံသာတွေ
နှုတ်ခြွေစကား ၊ နားမှာတီးတိုး
ဟိုး....အရင်လို ၊ ရွှင်ချိုကြည်မြ
ကြားနေရ၏ ၊ ချစ်သူသိလေ..။
ချစ်သူသိလေ ......
သတိရလျှင် ၊ ဒေသအကွာ
နေရတာကွဲ ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာပဲဖြစ်ဖြစ် ၊ တွယ်တာရစ်ငင်
ထာဝရထင်သော ၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ....။ ။
မောင်စိန်ဝင်း ( ပုတီးကုန်း )
Pages
▼
No comments:
Post a Comment